ကြောင်နှင့်ငှက် ပြဇာတ်
ဒီပြဇာတ်ကတော့ မမေဓာဝီရဲ့ ဘလော့ကပါ ကျနော်ကြိုက်လို့ ပြန်တင်ပေးလိုက်ပါတယ် မဖတ်ရသေးတဲ့သူတွေလဲ ကြိုက်နှစ်သက်ကြလိမ့်မယ် ထင်ပါတယ် :)
လွန်လေပြီးသော၊ ရှေးသရောအခါ၊ တောဝဠာလယ်၊ လျှိုမြောင်စွယ်မှာ၊ ကျင်လည်ကျက်စား၊ သတ္တ၀ါများရဲ့ အကြား၊ ကြောင်ပါးတကောင်၊ ယောင်တောင်တောင်နဲ့ နေသတဲ့။
ထိုကြောင်ပါးလျှင်၊ အစားမင်လျက်၊ ကြွက်မဲ ကြွက်ဖြူ၊ ကြွက်ဆူ ကြွက်ဖြိုး ၊ ကြွက်ဆိုး ကြွက်ကောင်း၊ ကြွက်ဖလောင်း မချန်၊ တွေ့သမျှ နှံလေသတဲ့။
ကြွက်သားစားရ၊ ဗိုက်ဝသော်ငြား၊ ကြောင်ပါးငြီးငွေ့၊ ကြွက်များကို ခံတွင်း မတွေ့ဘဲ၊ တတ်သရွေ့ မှတ်သရွေ့ကြံ၊ ပျံနေတဲ့ငှက်၊ ချဉ်ချဉ်းတပ်ကာ၊ အစာရှာနေကြတဲ့၊ စာဝါမလေးတွေနား၊ ယောင်လည်လည် သွားပြီး ...
"ကျနော် ကြောင်ပါး၊ မရှောင်ရှားကြလေနဲ့၊ တကယ့်ဂရုဏာရှင်၊ မယုံလျှင် ခင်ကြည့်၊ အသိအကျွမ်းဖြစ်ကာ၊ ငြိစွမ်းချစ်မှာဆိုလည်း၊ အမြဲတမ်းလိုလို၊ 'ကိုကို'ကြောင့် နှလုံးသား၊ တံခါးဖွင့်လျက် ကြိုဆိုနေပါတယ်၊ လာလှည့်ပါကွယ် ..."
ကြောင်လည်က မြှူဆွယ်တဲ့အခါ၊ ကိုယ်ခန္ဓာသေးကွေး၊ ကျလိကျလိ အသံပေးတဲ့၊ စာကလေးငှက်မက ...
"ကရုဏာပို၊ ကြောင်ကိုကိုရယ်၊ ရှင့်ကို ကျမ၊ ခင်လိုလှသော်လည်း၊ စာမ-နှင့်ကြောင်၊ ကြောင်နှင့် စာမ၊ ဘယ်လို နီးစပ်နိုင်ပါ့မလဲ၊ စဉ်းစားပဲ ကြည့်ပါရှင်၊ ဟောဟိုမှာ မြင်လား၊ သစ်ပင်ထက်ဖျား၊ အသာနားနေတာ၊ (ကျမရဲ့ ချစ်လှစွာသော) မောင်မောင်စာလေ၊ စာ-စာ ချင်း ဂဟေဆက်၊ အသက်ပေးပြီး မြတ်နိုးတာမို့၊ ဆောရီးပါ ကိုကိုကြောင် ... လို့"
စာဝါမ စကား၊ ကြောင်ပါးကြားတော့၊ ငေါ့တော့တော့နဲ့၊ မဲ့ရွဲ့ကာ ဆိုပါတယ်။
"တယ် ... စကားများလှ၊ စာဝါမ၊ နင့်စကားတွေ နားခါးလှပေါ့၊ နင့်ကို စားရ၊ ငါဝမှာလည်း မဟုတ်၊ တလုပ်စာတောင်မှ မရှိ၊ သေးတိသေးကွေး၊ နင့်လို အကောင်လေးတော့၊ ငါ ဝေါင်ဝေါင်ရှေးရော့မယ်၊ ဟယ် ... ဟိုရှေ့အနား၊ ညည်းတွားငိုယို၊ ခိုမကလေးပါလား၊ သနားစရာ ..."
ပြောပြောဆိုဆို၊ ခိုမလေးအနား၊ သူကပ်သွားပြီး ...
"သနားဖွယ်ငို၊ မရွှေခိုရယ်၊ အဘယ်ကြောင့် ငိုညည်း၊ 'ကိုကြီး' ကို ပြောပါ့ကွယ်၊ ကယ်နိုင်ရင် ကယ်မှာပေါ့၊ မကယ်နိုင်တော့လည်း၊ အသည်းစကားလေးများ၊ ကိုကြီးက ပြောကြားရင်၊ ရွှေနားတော်ဆင်တဲ့အခါ၊ ဝေဒနာ သက်သာမယ် မဟုတ်လား၊ ရွှေနှုတ်တော်ဖျားက၊ စကားလေးများ ပြောပါဦး"
"ကျေးဇူးကြီးမား၊ ကိုကြီးကြောင်ပါးရှင့်၊ ရင်နှင့်အမျှ၊ ချစ်ပါရတဲ့၊ ကျမ အချစ်ပို၊ ကိုကိုခိုက၊ ကျမကို အထင်လွဲလို့၊ ရင်ကွဲနာ ကျနေတာပါရှင်၊ ဖြစ်နိုင်လျှင်တော့၊ ဟော့ဒီသ၀ဏ်လွှာ၊ ကိုကို့ဆီ ပါးပေးပါ၊ ကျေးဇူးကမ္ဘာ တင်လိုက်ပါရဲ့"
ဖွဲ့နွဲ့ပြီးဆို၊ မရွှေခိုက၊ ရုတ်တရက်ထ၊ ပျံသန်းသွားရလေတော့၊ ကြောင်ပါးကြီး မော့တော့တော့ ကျန်ခဲ့ကာ ...
"သြော် ... ဒုက္ခ၊ ခို 'လတရ' နဲ့မှ၊ တွေ့ရပါပေတယ်၊ တော်ပါကွယ် သွား .. သွား၊ ရည်းစားစာများတောင် ပါးခိုင်းနေသေး၊ နင့်အသွေးအသား၊ ငါမစားလို၊ ငါပါ ငိုမိနေမှာစိုးလို့"
ဆိုကာ ဟိုရှာ ဒီရှာ ရှာပြန်တော့၊ ရေကန်တကန်ထဲ၊ ၀မ်းဘဲမ တကောင်ကို တွေ့ပြန်သတဲ့။
"အင်း ... ငှက်လည်း ၀မ်းဘဲ၊ ၀မ်းဘဲလည်း ငှက်၊ ဇာတ်ချင်း တူတူပါပဲ၊ ပျံနေတဲ့ ငှက်မရလည်း၊ ရေထဲက ၀မ်းဘဲပဲ၊ ပွဲတော်တည်ရအောင်၊ ကြံဆောင်ပါဦးမှ"
ရေကန်အစပ်၊ ပြီတီတီနဲ့ ကပ်ပြီး ...
"စိမ်းလဲ့နဒီ၊ ရေသီတာထက်၊ ကူးခတ် မြည်တမ်း၊ အို ... ၀မ်းဘဲမမ၊ အလှကွန်းခို၊ မြကျွန်းညိုထက်၊ အသာအယာတက်လို့၊ မိတ်ဆက်စကား၊ ပြောကြားရအောင်၊ ဟောဒီ 'မောင်' က၊ ဖိတ်မန္တက ပြုပါတယ် ခင်ဗျား"
ကြောင်ပါးရဲ့ ဖိတ်ကြားချက်၊ ၀မ်းဘဲမ လက်မခံ၊ တဂတ်ဂတ် မြည်သံပေးကာ၊ ခုလို ဆိုပါတယ်။
"မျက်လုံးပြူးပြူး၊ နဖူးပြောင်လက်၊ ပါးစပ်က ကျယ်၊ အစွယ် တဖွေးဖွေးနဲ့၊ အမောင် ကြောင်ကလေးရေ ... ၊ အမောင်ရဲ့ ဖိတ်ကြားချက်၊ မမ လက်ခံချင်ပါရဲ့၊ ဒါပေမဲ့ကွယ်၊ မမရဲ့ ကလေးများ၊ ရေကစားနေကြတာ၊ ခုထိ မလာသေးလို့၊ ရင်မအေးနိုင်၊ မှိုင်နေတဲ့ မမမှာ၊ မြကျွန်းညိုထက်၊ မတက်နိုင်တာ၊ ခွင့်လွှတ်ပါကွယ်"
ဝမ်းဘဲမ စကားအဆုံး၊ ၀ုန်းကနဲ နောက်ပြန်လှည့်ပြီး
"ကလေးတွဲလောင်း၊ သံယောဇဉ်ပေါင်း များစွာပို၊ ဘဲအိုမကြီးအသား၊ ၀ါးရခက်မှာ စိုးသကွယ့်၊ ဘေးမဲ့သာပေးလိုက်မယ်၊ ဟယ် ... ခုထက်ထိအောင်၊ ငှက်တကောင်မှ၊ ငါမရသေးပါလား"
ဗိုက္ထဲက တဂြီဂြီ၊ အော်မြည်နေတဲ့ ကြောင်ကြီးဟာ၊ စပျစ်သီး ချဉ်ပြီးတဲ့ သကာလ၊ နောက်ထပ်ငှက်များကို မြှူဆွယ်ရအောင်၊ ကြံနေပြန်သတဲ့။
ကံအားလျော်စွာ၊ တနေရာအရောက်၊ သစ်ခြောက်ပင်ခြေရင်း၊ ၀ပ်ဆင်းပြီး နေဆာလှုံနေတဲ့၊ ငှက်မငယ်တကောင်ကို တွေ့ပါရော ... ။
ငှက်ငယ်မအနား၊ သူကပ်သွားပေမဲ့၊ ငှက်ငယ်က မလှုပ်ယှက်၊ ငြိမ်သက်လျက် နေလေတော့ ...
"မလှုပ်မယှက်၊ လွန်ငြိမ်သက်လျက်၊ ရင့်ကျက်တည်ကြည်၊ နေနေသည်မှာ၊ အဘယ်မည်သော ငှက်များပါလိမ့်၊ တစိမ့်စိမ့်ကြည့်ကာ၊ သိချင်လာသဖြင့်၊ မေးပါရစေ ... နှမရေ .."
ချိုသာဖွဲ့နွဲ့၊ ကြောင်ရဲ့စကား၊ ငှက်ငယ်မ ကြားတဲ့အခါ၊ နေဆာလှုံရာမှထ၊ အတောင်ကို မ-လျက်၊ မတ်တပ်ကလေး ရပ်တဲ့ပြီး ...
"အို ... ကြောင်အဆွေ၊ ငြိမ်သက်တဲ့ ဣနြေ္ဒနဲ့၊ သစ်ပင်ခြေရင်း၊ ၀ပ်ဆင်းနေတဲ့ ကျမဟာ၊ အတောင်တဘက် ပျက်လို့၊ ပျံသန်းရခက်နေတဲ့၊ ဆက်ရက်မ ပါပဲရှင်"
"ဖြစ်ရလေကွယ်၊ ဘယ့်နှယ်ကြောင့် အတောင်တဘက်၊ ကျိုးပျက်ခဲ့ရပါသလဲ၊ နည်းနည်းလောက် သိခွင့်ပြုပါလား"
"ဒီလိုပါရှင်၊ တခါတရက်၊ အစာရှက်ထွက်ရင်း၊ သစ်ပင်ထက် နားနေတုန်း၊ ဗြုန်းဆို ... လေးခွကိုစမ်း၊ လက်သရမ်းတဲ့၊ သကောင့်သားရဲ့ လောက်စာလုံး၊ နှလုံးသားဆီ ၀င်လာခိုက်၊ အတောင်နဲ့ အမြန်ကာလိုက်တော့၊ အတောင်ကို တည့်တည့်မှန်၊ ဘယ်တောင်ပံ ကျိုးသွားရတဲ့၊ ကံဆိုးသူ ကျမပါရှင်"
"ဟင် ... သနားစရာ၊ မအ၀ှါရယ်၊ လာ ... လာ ကျနော့်အနား၊ နာကြင်မှုများကို ကုသ၊ ပြုစုယုယလျက်၊ တသက်လုံး ကြင်နာပါ့မယ်၊ အစာလည်း ရှာပေး၊ ရေအေး ရေပူ၊ မငြူစူရအောင်၊ ဆောင်မ ကြည့်ရှု၊ ဂရုစိုက်မှာမို့၊ ကိုယ့်ဆီကိုလာ၊ မကြောက်ပါနဲ့ မအ၀ှါ ..."
ညောင်နာနာ အသံပေး၊ ကြောင်အိုပေမှေးရဲ့ စကားအဆုံး၊ ဆက်ရက်မ အသည်းနှလုံးမှာ၊ ဖရဏာပီတိ၊ ဂွမ်းဆီထိသလို၊ တအိအိငြိတွယ်၊ ယုံလွယ်မိလေတော့သတဲ့။ ဒီလိုနဲ့ .. ကြောင်ပါးနဲ့ ဆက်ရက်မ၊ စကားစမြည် အချီအချ၊ ပြောနေကြတာ အတော်ကြာပြီး၊ အလွန်ရင်းနှီးသွားခါမှ၊ တစတစ၊ ဆက်ရက်မအနား၊ သူ ကပ်သွားပြီး ...
"ကဲ ... ဒီတခါတော့ မလွတ်တမ်း၊ ငါ အမိဖမ်းလိုက်ချေမှ၊ ၀မ်းကလည်း ဟာလှပြီ၊ ဆာသမှ လောင်မတတ်မို့၊ အတောင်တဘက်ကျိုးတဲ့၊ ကံဆိုးမ ရေ ... ဘုရားသာ တ-ပေတော့"
"ဟင် ... ရှင် ... ရှင် ... ကြင်နာချင်ယောင်ဆောင်တဲ့၊ ကြောင်သူတော်ပါလား၊ ဘုရား ... ဘုရား၊ ရှင့်လို ကြောင်စား၊ ယုံမိမှားတဲ့ ကျမ၊ ကံဆိုးမ သွားလေရာ၊ မိုးလိုက်လို့ ရွာပါပေါ့၊ တခုတော့ တောင်းပန်ပါရစေ၊ မသေခင်လေး၊ ဘုရားကန်တော့ခွင့် ပေးပါရှင်"
ဆက်ရက်မရဲ့ တောင်းပန်ချက်၊ ကြောင်ပါးကြီး လက်ခံတဲ့အခါ၊ အတောင်နှစ်ဘက်ကို ယှက်မိုး၊ ဘုရားရှိခိုးရင်း၊ ဆက်ရက်မ ငိုချင်းချသတဲ့။
"ဘုရားသခင်၊ အို ... အရှင်၊ အကြင်ကြောင်ပါး၊ မုသားချိုချို၊ လိမ်ညာဆိုစကား၊ ကျွန်တော်မျိုးမ ယုံစားကာ၊ မေတ္တာရှေ့ထားလျက်၊ အသက်ထက်မြတ်နိုး၊ အားကိုး ခဲ့မိပါသည် ဘုရား၊ ဤအမှန်တရား၊ သစ္စာစကားသည်၊ ထာဝရတည်လျက်၊ ထက်မြက်စူးရှပါစေသား၊ အရှင်ဘုရား ... "
ဆက်ရက်မ ငိုချင်း၊ နားကြားပြင်းကတ်၊ ကြောင်အငတ်က၊ ဖျတ်ခနဲ ခုန်အုပ်၊ ဂုတ်ကိုလှမ်းဆွဲ၊ လည်ကိုအခဲမှာ၊ ဆက်ရက်မ ခမျာလည်း၊ သေပွဲဝင်သွားရှာသတဲ့။
"စားရကံကြုံတော့၊ တချက်အခုန်ပါပဲလား၊ ဟား ဟား ဟား၊ ဘယ်နားကစ၊ စားရပါ့မလဲ၊ အဲ ... ရင်ကိုခွဲပြီး၊ အသည်းကိုစားရင်၊ အားအင်ပြည့်ဖြိုးတယ်ဆိုလား၊ ကြားဖူးတာပဲ၊ ကဲ ... ခွဲပဟ"
ငတ်ကြီးကျတဲ့ ကြောင်ပါး၊ ဘယ်တောင်ပံကိုချန် ကျန်တာတွေ အကုန်စားပြီး၊ သွားကြားလေးထိုးနေရင်း၊ သူစဉ်းစားပြန်တယ်။
"အင်း ... ဒီတောင်ပံကို ကင်၊ ဘီယာနဲ့ မြည်းလိုက်ရရင်တော့၊ အာဂပါးစပ်၊ ကြောင်ဖြစ်ကျိုးနပ်မှာပ၊ ငတ်ခဲ့သမျှ၊ အတိုးချလို့၊ အရိုးက မကျန်ဝါး၊ တိုင်းဂါးလေးဖောက်၊ တကျိုက်လောက်မြို၊ လောကစည်းစိမ်ကို ခံဦးမှ"
ဘီယာတကျိုက်၊ တောင်ပံတကိုက်နဲ့၊ နှစ်ခြိုက်ပျော်မြူး၊ စည်းစိမ်ယစ်မူးနေဆဲ၊ တောင်ပံထဲက အရိုးတချောင်း၊ သူ့လည်ချောင်းမှာ စိုက်သွားလေတော့တယ်။
"အ.. အာ ... အား ....၊ ဘယ့်နှယ့်များပါလိမ့်၊ ကြောင်ပါး အရိုးမျက်၊ နေရခက်လှဘိ၊ မခံချိ မခံသာ၊ လည်ချောင်းနာလှချည်ရဲ့"
မဲ့တဲ့တဲ့ဆို၊ ကြောင်ပါးအိုက၊ ထွေးမြိုမရ၊ လည်ချောင်းဝက အရိုး၊ ထုတ်ဖို့ သူကြိုးစားရာက၊ ဆက်ရက်မစကား၊ နားထဲမှာ ကြားယောင်မိလာတယ်။
"ဆက်ရက်မ သစ္စာ၊ ငါ့လည်ချောင်း လာစူးရပြီ၊ သေသည်ထိ ဒုက္ခ၊ ပေးလှတဲ့ ဆက်ရက်မ၊ (အင်း ... ဘာပဲဖြစ်ဖြစ်) ကောင်းရာဘ၀ ရောက်ပါစေ၊ အမျှဝေ ဆုတောင်း၊ လည်ချောင်းဝက အရိုး၊ တဟုန်ထိုး ထွက်ပါစေသား၊ အရှင်ဘုရား"
လိမ်လည်လှည့်ဖျား၊ မုသားပြည့်လျှံ၊ ကြောင်ပါးရဲ့ ဆုတောင်းသံကို၊ ဗြဟ္မာသိကြား၊ နတ်အများက၊ ဥပေက္ခာပြု၊ လစ်လျူရှုလိုက်ကြလေတော့၊ ကြောင်မိုက်ကြီး အဖြစ်ဆိုး၊ နင်နေတဲ့ အရိုးဟာ၊ တသက်တာလုံးစူး၊ ဘယ်လိုမှ နှုတ်မရတော့ဘူး ... တဲ့။
0 စာဖတ်သူမှတ်ချက်:
Post a Comment